Powered By Blogger

Thursday 19 January 2012

ဗိုလ်ချုပ်အတွက် (သို့) တိုင်းပြည်အတွက်....


ဒီပို့စ်လေးနဲ့ ပါတ်သတ်ပြီး အနည်းငယ် စကားဦးသန်းချင်ပါသည်။ ဒီပို့စ်လေးက ကျနော် ပထမဆုံးရေးဖြစ်တဲ့ ဓါတ်ပုံအက်ဆေးလေးပါ။ ဓါတ်ပုံအက်ဆေးသဘော မပီပြင်ခဲ့လျှင်လည်း ကျွန်တော့်ရဲ့ လိုအပ်ချက် ဖြစ်ပါလိမ့်မည်။ လွန်ခဲ့သည့် သုံး နှစ်ပါတ်ဝန်းကျင်က ကျွန်တော့်ဘလော့ဂ်ပေါ်မှာ ဓါတ်ပုံလေးတွေ တင်ပြီး မျှဝေဖူးခဲ့သော်လည်း နောက်ပိုင်းတော့ ဓါတ်ပုံတွေ မတင်ဖြစ်တော့။ ယခုဒီပို့စ်ထဲတွင် ဓါတ်ပုံတော်တော်များများ ပြန်တင်ဖြစ်သည်။ ရည်ရွယ်ချက်ရှိပါသည်။ ထိုရည်ရွယ်ချက်ကို ပြောချင်၍လည်း ဤကဲ့သို့ စကားဦးသန်းမိခြင်း ဖြစ်သည်။
ကျွန်တော်လက်ရှိခေတ္တနေထိုင်သည့် ထိုင်ဝမ်နိင်ငံ ထိုင်ပေမြို့တွင် ဟိုဒီသွားလာရင်း နေရာတစ်ခုတည်းကို သုံး ၊ လေး ကြိမ်ရောက်ဖြစ်သည်။ ထိုနေရာက Chiang Kai Shek Memorial Hall ဖြစ်သည်။ ချန်ကေရှိတ် က ထိုင်ဝမ်နိင်ငံတည်ထောင်ခဲ့သည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ထိုရင်ပြင် ဗိမ္မာန်နေရာကို နိင်ငံဖခင် အောက်မေ့ဖွယ်ဗိမ္မာန်ဟုလည်း အမည်ခေါ်ဝေါ်ကြသည်။ သူ့နိင်ငံတည်ထောင်ခဲ့လို့ သူတို့နိင်ငံဖခင်ကြီးဟု ကင်မွန်းတပ်ကြသည်က  သဘာဝကျသည်။ မထူးဆန်း။ ကျေးဇူးသိတတ်ကြသည်ကိုး။ ထူးဆန်းနေသည်က ကျွန်တော်...။
ထို ချန်ကေရှိတ်အောက်မေ့ဖွယ် ဗိမ္မာန်က ကျွန်တော် နေသည့်နေရာနှင့် သိပ်မဝေး။ သွားလျှင် နာရီဝက်ခန့် အချိန်အတွင်း ရောက်သည့်နေရာဖြစ်သည်။ သည်တော့ ရောက်ဖြစ်သည်။ ပထမတကြိမ်ရောက်သည်။ နှံ့နှံ့စပ်စပ်လျှောက်ကြည့်သည်။ ထူးဆန်းသည့်ခံစားချက်တစ်ခုက ဝင်လာသည်။ ဒါပေမယ့် ထိုခံစားချက်ကို သိပ်အလေးအနက် မထားခဲ့မိ။ ထို့နောက် အချိန်အတန်ကြာတော့ နောက်တစ်ကြိမ် ထပ်ရောက်ပြန်သည်။ မြင်ဖူးပြီးသား ပြခန်းတွေ ပြကွက်တွေကို ပြန်ကြည့်မိပြန်သည်။ ပထမအကြိမ်တုန်းက ခံစားချက်ထက်ပိုပြင်းထန်သည့် စိတ်ခံစားချက်က ထပ်ဝင်လာပြန်သည်။ ဒါကိုလည်း အသာထားလိုက်သည်။ 
သည်လိုနှင့် တတိယအကြိမ်ရောက်သည့်အခါမှာတော့ ကျွန်တော့်ခံစားချက်တို့က ထိန်းမရတော့။ သိပ်ကို အားကောင်းလွန်းနေတော့သည်။ ထိုခံစားချက်က ချန်ကေရှိတ်၏ အသုံးအဆောင် ၊ ဆုတံဆိပ် ၊ အဝတ်အထည် ၊ လက်ရေးစာမူ ၊ စီးခဲ့သည့်ကား ၊ ဆွဲခဲ့သည့်ပန်းချီ စသည့် ပြခန်းထဲတွင် ပြသထားသမျှ အမှတ်တရပစ္စည်းများကို ကြည့်မိတိုင်း ဗိုလ်ချုပ်အောင်ဆန်း အသုံးအဆောင်တွေသာဆိုလျှင်ဟု အစားထိုးမြင်နေမိသည့်ခံစားချက်ဖြစ်သည်။ ထိုခံစားချက်က ပထမအကြိမ်၊ ဒုတိယအကြိမ် ရောက်ဖြစ်သည့်အကြိမ်တွေထက် ပို၍အားကောင်းသော ခံစားချက်ဖြစ်နေတော့သည်။  ဒို့ဗိုလ်ချုပ်သာဆိုလျှင် ဆိုသည့်အတွေး ၊ ဒို့ဗိုလ်ချုပ်အသုံးအဆောင်တွေကိုလည်း ဒီလို ခမ်းခမ်းနားနား ထားစေချင်သည့် စိတ်များဖြစ်ပြီးရင်း ဖြစ်နေမိတော့သည်။ မည်သည့်ပစ္စည်းကို ကြည့်မိကြည့်မိ ဗိုလ်ချုပ်ကိုတွဲမြင်နေမိသည်။ 
ထိုစိတ်ခံစားချက်တွေကြောင့် ကျွန်တော် တွေးမိသွားသည်။ ငါတို့နိင်ငံမှာရော ဘာလို့အဲဒီလို မလုပ်နိင်ရမလဲ။ လုပ်ရင် ရရမှာပေါ့။ ရန်ကုန်မြို့မှာ နေရာကျယ်ကျယ် လွယ်လွယ်ကူကူ ရှိနိင်သလား စဉ်းစားမိတော့ ပြည်သူ့ရင်ပြင်ကို မြင်မိသည်။ ဤချန်ကေရှိတ်ရင်ပြင်နှင့် ဗိမ္မာန်တည်ရှိပုံကလည်း  ပြည်သူ့ရင်ပြင်နှင့် ခပ်ဆင်ဆင်။ တောအုပ်လေးတွေလည်း ရှိသည်။ ရေကန်လေးတွေလည်းရှိသည်။  နေရာအခက်အခဲ မရှိဘဲ ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်ပြတိုက်အတွက် နေရာတစ်ခုယူ၍ တည်ဆောက်လျှင် ဖြစ်နိင်ကြောင်း ကျွန်တော်တွေးမိသည်။ ဖြစ်စေချင်လွန်းလှသည်။
ထို့ကြောင့် ဒီဓါတ်ပုံအက်ဆေး လေးကို တင်ဖြစ်ခြင်းဖြစ်သည်။ ကြည့်မိသူများအတွက် ဒေသန္တရဗဟုသုတ ဖြစ်စေ ၊ ကျွန်တော့်ကဲ့သို့ ဘယ်ပုံကိုကြည့်ကြည့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပစ္စည်းလေးတွေကို ဒီလို ခမ်းခမ်းနားနား ထားစေချင်သည့် စိတ်အားတက်ကြွမှုဖြစ်စေ၊ ရစေချင်၍ သည်ပို့စ်ကို တင်ပါသည်။ ပြည်ပအားကိုး အထင်တကြီးစိတ်မျိုးမဟုတ်ပါ။ ကောင်းသည့်အချက်များကို ကိုယ့်နိင်ငံတွင်လည်း ရှိစေချင်သော စိတ်ဆန္ဒသက်သက်သာ ဖြစ်ပါသည်။
CKS (ချန်ကေရှိတ်) ပြတိုက်အဝင်မုဒ်ဝ ဖြစ်သည်။ ထိုင်ဝမ်အလံက မြန်မာပြည်အလံဟောင်းနှင့် ဆင်တူလွန်းသည်။


CKS ရင်ပြင်ပေါ်ရှိ အဆောက်အဦးတစ်လုံး
အဝင်မုဒ်ဝဘက်မှ မြင်ရသည့် ချန်ကေရှိတ် ဗိမ္မာန်ရင်ပြင် ပုံစံငယ်။ အနောက်ဆုံးက အမိုးအပြာရောင် အဆောက်အဦးမှာ လေးထပ်အဆောက်အဦးဖြစ်ပြီး အပေါ်ဆုံးထပ်တွင် ချန်ကေရှိတ် ရုပ်ထု ထားရှိပြီး အောက်ထပ်များတွင် ချန်ကေရှိတ်အသုံးအဆောင်များကို အမှတ်တရထားရှိသော ပြတိုက်ဖြစ်သည်။ အနီရောင်အဆောက်အဦးနှစ်ခုမှာ တစ်ခုက ပြဇာတ်များကပြသော ဇာတ်ရုံဖြစ်ပြီး၊ နောက်တစ်လုံးကတော့ နိင်ငံခြားသားအဆိုတော်များ စတိတ်ရှိုးကျင်းပလေ့ရှိသည်။
CKS ပြတိုက်ပေါ်မှ မြင်ရသည့် ရင်ပြင်ကျယ်မြင်ကွင်း၊ အဆောက်အဦး နှစ်လုံး၏ ဘေးနှစ်ဖက်တွင် သစ်တောအုပ်များ ရေကန်များ ရှိသည်။

အမိုးအပြာရောင် အဆောက်အအုံထဲမှ ၁၂၅ နှစ်စာတန်းဖြင့် ချန်ကေရှိတ် ရုပ်ထု 
( တာဝန်ကျအစောင့်များ ဂျုတီချိန် လဲလှယ်နေစဉ်)
ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုလည်း  ဤကဲ့သို့ ကြွားကြွားဝံ့ဝံ့ ထားရှိစေချင်သည်။

ထိုရုပ်ထုကို အပေါ်ဆုံးအထပ်တွင်ထား၍ အောက်ထပ်များတွင် ပြခန်းအဖြစ် ထားရှိသည်။ CKS အောက်မေ့ဖွယ်ပြတိုက်ထဲတွင် ခင်းကျင်းထားပုံများကတော့...
ဝတ်ဆင်ခဲ့သည့် စစ်ဝတ်စုံ

သုံးစွဲခဲ့သည့် ကြွေခွက် ကြွေဇွန်းများပါ မကျန်စေရ
ရုံးခန်းပုံတူ
စီးခဲ့သည့် ကား နှစ်စီး


ထိုကားများကို မြင်တော့ မကြာခင်ရက်ပိုင်းက Facebook ပေါ်တွင် မြင်ခဲ့ရသည့် ဗိုလ်ချုပ်စီးခဲ့သော ကားပုံလေးကို ပြန်မြင်မိသည်။ သံဘာဂျာတံခါးနောက်ကွယ်မှာ ဖုန်အလိမ်းလိမ်းတက်လျှက်ရှိသည်။ တန်ဖိုးထားတတ်ကြပါစေ...။
လက်ရေးမူရင်း
ချန်ကေရှိတ်  စာဖတ်နေပုံနှင့် ဖတ်ခဲ့သည့်စာအုပ် ၊ သုံးခဲ့သည့်ဒိုင်ယာရီ

 ဤပုံကိုမြင်တော့ တိုင်းပြည်အေးချမ်းလျှင် စာရေး စာဖတ်ခြင်းဖြင့်သာ မွေ့လျော်တော့မည်ဟု ပြောခဲ့သော ဗိုလ်ချုပ်မရလိုက်သည့် အနာဂတ်ဘဝလေးအကြောင်း သတိရမိသည်။
နိင်ငံတကာခေါင်းဆောင်များမှ ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးအပ်နေပုံ ၊
ဗိုလ်ချုပ်သာ သက်တမ်းစေ့ အသက်ရှင်နေထိုင်ခွင့်ရခဲ့လျှင် ကမ္ဘာ့နိင်ငံများမှ ဤကဲ့သို့ပင် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ကြလိမ့်မည်။

ချန်ကေရှိတ် သွားလာခဲ့စဉ်က ဓါတ်ပုံများ၊ နိင်ငံတကာက ပေးအပ်သော ဆုတံဆိပ်များ ၊ ဖတ်ခဲ့သောစာအုပ်များ
အမှတ်တရပစ္စည်းအရောင်းဆိုင် ၊ ကော်ဖီဆိုင် ၊ အအေးဆိုင်များ
CKS (ချန်ကေရှိတ်) ပြတိုက်ကို နေ့စဉ် ဖွင့်လှစ်ထားသည်။ နေ့စဉ်စည်ကားနေသည့် ပြတိုက်ကြီးကို ကြည့်ရင်း ရန်ကုန်မှာရှိသည့် ဗိုလ်ချုပ်ပြတိုက်ကို တစ်နှစ်တွင် တစ်ကြိမ်သာ ဖွင့်ပေးသည့် စနစ်ကိုလည်း ပယ်ဖျက်စေချင်မိသည်။ ပြတိုက်တစ်ခုလုံးမှ ပုံများကို စုံစေ့အောင်တင်လျှင် အတော်များနိင်တာကြောင့် သင့်တော်ရာပုံများကို ရွေးထုတ်ဖြစ်သည်။



ညဘက်ပိတ်ထားသော ပြတိုက်




ပြတိုက်လှေကားထစ်များပေါ်မှ မြင်ရသော ရင်ပြင်
CKS ပြတိုက်တည်ရှိသည့် ရင်ပြင်ကျယ်နှင့် သစ်တောအုပ်ထဲတွင် နေ့စဉ် နိင်ငံသားများဖြင့် စည်ကားနေသလို နိင်ငံခြားသားခရီးသွားများလည်း အမြဲတစေ လာရောက်လည်ပတ် လေ့လာကြသည်။ ဗိုလ်ချုပ်ပြတိုက်ကိုလည်း ခမ်းခမ်းနားနား တည်ဆောက်ထားလျှင် နေ့စဉ်ဖွင့်လှစ်ထားလျှင် နိင်ငံသား ၊ နိင်ငံခြားသားခရီးသွားများဖြင့် စည်ကားနေမည်ဟု ယုံကြည်မိသည်။
အနှစ်ချုပ်ပြောရလျှင် မိဘကိုတန်ဖိုးထားသည့် မိသားစုသည် ပါတ်ဝန်ကျင်တွင်လည်း မျက်နာပွင့်လန်း ဂုဏ်ကျက်သရေရှိသည်။ တခြားအိမ်နီးခြင်းများ၏ မထေမဲ့မြင်ပြုခြင်းမှ ကင်းဝေးမည်။ လေးစားခံရမည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ နိင်ငံ၏ဖခင်ကြီးဖြစ်သည်။  ထို့ကြောင့် တန်ဖိုးထားတတ်ကြစေချင်သည်။ 
ကျွန်တော်မျှော်လင့်သလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်များ၏ ပြတိုက်ကြီး ခမ်းခမ်းနားနား ဝံ့ဝံ့ထည်ထည်ဖြင့် ပေါ်ပေါက်လာခဲ့လျှင် ဒါဟာ ဘဝတစ်ခုလုံးတိုင်းပြည်အတွက် ပေးဆပ်ခဲ့သည့် ဗိုလ်ချုပ်အတွက် ကျေးဇူးဆပ်ရာရောက်သလို ၊ တိုင်းပြည်အတွက် ဂုဏ်တက်စရာလည်း ဖြစ်ပါသည်။ ထိုစိတ်ဆန္ဒဖြင့် ဤဓါတ်ပုံအက်ဆေးလေးကိုဖန်တီးဖြစ်ပါသည်။ ထို့ကြောင့် သည်ဓါတ်ပုံအက်ဆေးလေးကို “ဗိုလ်ချုပ်အတွက် (သို့) တိုင်းပြည်အတွက်” ဟု အမည်ပေးလိုက်ချင်သည်။ မကြာမီတစ်နေ့တွင် ခမ်းနားသပ်ရပ်သော ၊ တိုင်းပြည်အတွက်ဂုဏ်ယူဖွယ်ရာ ဗိုလ်ချုပ်ပြတိုက် ပေါ်ထွက်လာမည်ဟု မျှော်လင့်မိပါသည်။

။..........................................................................................................။
ဓါတ်ပုံများကို ကြည့်၍မရပါက ဤနေရာကိုနှိပ်ပြီး ဝင်ရောက်ကြည့်နိင်ပါသည်။